International News

ကိုဗစ် (၁၉) အကျပ်အတည်းမှ နယ်သာလန်နိုင်ငံ၏ စီးပွားရေးပြန်လည်နိုးထနိုင်ရန် နှစ်များစွာ အချိန်ယူရမည်

Last Updated:

ကိုရိုနာဗိုင်းရပ်စ်အား မကြာမီကာလတွင် အပြည့်အဝထိန်းချုပ်နိုင်ခဲ့လျှင်ပင် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်းသည် နယ်သာလန်နိုင်ငံ၏ စီးပွား ရေးကို ကာလကြာရှည်စွာ ထိခိုက်စေလိမ့်မည်ဟု နယ်သာလန်နိုင်ငံ၊ ဗဟိုစီမံကိန်းရုံးအဖွဲ့ (Central Planning Office-CPB) အရသိရသည်။ အလုပ်လက်မဲ့နှုန်းထားသည် နောက်ထပ် (၅) နှစ်ကြာပြီးနောက်မှ ပုံမှန်အဆင့်သို့ ပြန်လည်ရောက်ရှိနိုင်ကြောင်းနှင့် labor supply နှင့် ရင်းနှီး မြှုပ်နှံမှုတို့တွင်မူ အချိန်ကာလ ၁၀ နှစ် (သို့မဟုတ်) ထို့ထက် ပို၍ကြာမြင့်ပြီးနောက်မှ ပြန်လည်နာလန်ထူလာနိုင်မည်ဟု CPB က ပြောကြားခဲ့ သည်။ အလုပ်လက်မဲ့ဖြစ်ခဲ့ပြီးနောက်  အလုပ်အကိုင်သစ်ရှာဖွေရရှိကြသူများသည် အချိန်ကာလကြာရှည်စွာ ၎င်းတို့၏ဝင်ငွေတစ်စိတ်တစ်ပိုင်းကို ဆုံးရှုံးမှုရှိကြကြောင်း၊ ကာလကြာရှည် အလုပ်လက်မဲ့ဖြစ်ခဲ့ရသဖြင့် ၎င်းတို့၏ကျွမ်းကျင်မှုနှင့် အသိပညာဗဟုသုတများတွင်လည်း ဆုံးရှုံးမှုရှိ ကြောင်း သိရသည်။

အလုပ်အကိုင်ရှာဖွေမှုကို စွန့်လွှတ်လာကြသဖြင့် ဝန်ထမ်းရရှိနိုင်မှု လျော့နည်းလာမည်ဖြစ်ကြောင်း၊ အလုပ်လက်မဲ့နှုန်းမြင့်မားမှုသည် နယ်သာလန် နိုင်ငံအား ပြည်ပလုပ်သားများကို ဆွဲဆောင် မှုလျော့ကျစေမည်ဖြစ်ကြောင်း၊ ထို့ကြောင့် labor supply နှင့် ရင်းနှီးမြှုပ်နှံမှုတို့တွင် ပြန်လည် နာလန်ထူလာစေရေးမှာ အချိန်ကာလ (၁၀) နှစ်နှင့်အထက် ပို၍ကြာမြင့်နိုင်သည်ဟု CPB က ခန့်မှန်းထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အချက်များကြောင့် နယ်သာလန်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနိမ့်ကျခြင်းကို ဖြစ်စေနိုင်ကြောင်း၊ ကိုရိုနာဗိုင်းရပ်စ်ကာလမတိုင်မီ စီးပွားရေး အခြေအနေသို့  လာမည့်နှစ်အကုန်ခန့်တွင် ပြန်လည်ရောက်ရှိနိုင်ကြောင်း CPB က ခန့်မှန်းထားပါသည်။

ကာလတိုတွင် လုပ်သားဈေးကွက်၌ ကျွမ်းကျင်မှုအတွဲအစပ်မမိခြင်း (mismatch) သည်လည်း စိုးရိမ်ဖွယ်ဖြစ်ကြောင်း၊ ယင်းကြောင့် အလို အလျောက် စနစ်အသုံးပြုမှု၊ စက်ရုပ်အသုံးပြုမှုနှင့် ဒစ်ဂျစ်တယ်အသုံးပြုခြင်းများ တိုးတက်လာနိုင်ကြောင်း၊ သို့ရာတွင် လုပ်သားဈေးကွက်မှာ ပုံမှန်အခြေအနေသို့ တဖြည်းဖြည်းချင်းပြန်လည်ရောက်ရှိလာနိုင်ကြောင်း CPB က ပြောကြားသည်။

 

 

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (နယ်သာလန်တိုင်းမ်)

Category: International News